Environmental Education

Environmental Education

↹ EN

ပညာပေးလုပ်ငန်းသည် အသိပညာဗဟုသုတမြှင့်တင်ရန်နှင့် ဒေသခံများနှင့်သဘာဝပတ်ဝန်းကျင်အတွက် အင်းတော်ကြီးကန်၏အရေးပါပုံကို သိရှိနားလည်စေရန်အရေးကြီးသော အခန်းကဏ္ဍဖြစ်သည်။ လုံးတုံမြို့ အင်းတော်ကြီးကန်နံဘေးရှိ အင်းတော်ကြီးရေဝပ်ဒေသပညာပေးပြခန်းသည် အင်းတော်ကြီးဒေသတစ်ဝှမ်းရှိ ဒေသခံပြည်သူများ၊ ကျောင်းများနှင့် အင်းတော်ကြီးဒေသသို့လာရောက်လည်ပတ်သော ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကို အဓိကထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးလုပ်ငန်းအစီအစဉ်များ လုပ်ဆောင်လျက်ရှိသည်။

ပညာပေးအစီအစဉ်ကို ဂျာမနီနိုင်ငံရှိ နိုင်ငံတကာဇီဝအဝန်းနယ်မြေမိတ်ဖက်အဖွဲ့များ၏ကူညီပံ့ပိုးမှုဖြင့်ပုံဖော်ခဲ့ပြီး စိတ်ဝင်စားဖွယ်လှုံဆော်မှုရှိသည့် သင်ယူမှုပတ်ဝန်းကျင်ဖြစ်စေရန်ရည်ရွယ်၍ ခေတ်မီပြီးပါဝင်လှုပ်ရှား ရသောဖန်တီးမှုရှိသည့် သင်ကြားနည်းစနစ်များကိုအခြေခံထားပါသည်။ အမျိုးမျိုးသောအခမဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးအစီအစဉ်များကို စာသင်ကျောင်းများနှင့် တက္ကသိုလ်များအတွက်ဖန်တီးထားပြီး အဓိကခေါင်းစဉ်များဖြစ်သည့် အစာကွင်းဆက်၊ ဂေဟစနစ်ဝန်ဆောင်မှုများ၊ ဒေသပေါက်အပင်နှင့်တောရိုင်း တိရစ္ဆာန်တို့၏သဘာဝသမိုင်းကြောင်းများကို အခြေခံပြီးဖန်တီးထားသည်။ ရိုးရာနည်းဖြင့် ငါးဖမ်းခြင်း၊ သဘာဝနည်းဖြင့်စိုက်ပျိုးခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်း၊ သန့်ရှင်းမိလ္လာစနစ်၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်း အစရှိသည့်ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုပညာပေးအစီအစဉ်များလည်းရရှိနိုင်ပါသည်။ ပြည်သူလူထုပညာပေးလုပ်ငန်းများအတွက် ရန်ပုံငွေနည်းပါးသောကြောင့် စာသင်ကျောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးအစီအစဉ်များအတွက် ငွေကြေးလုံလောက်စွာမပံ့ပိုးနိုင်ပါ။ ထို့ကြောင့် အလှူငွေများနှင့် ဒေသထွက်ပစ္စည်းရောင်းချခြင်းများမှရရှိသော ရန်ပုံငွေဖြင့် အင်းတော်ကြီးပညာပေးလုပ်ငန်းအစီအစဉ်ရန်ပုံငွေကို တည်ထောင်ထားရှိပါသည်။ အနီးအနားရှိရွာများမှ လူငယ်များဖြင့်ဖွဲ့စည်းထားသည့် Green club အဖွဲ့ကို ဂိမ်းဆော့ခြင်း၊ သဘာဝစူးစမ်းလေ့လာခြင်း၊ လက်တွေ့စမ်းသပ်ခြင်းနှင့် လက်တွေ့ထိန်းသိမ်းရေးလုပ်ငန်းများတွင်ပါဝင်စေခြင်းဖြင့် အင်းတော်ကြီး၏ဂေဟစနစ်များအကြောင်းကို အပတ်စဉ်သင်ကြားပေးလျက်ရှိသည်။ အင်းတော်ကြီးဒေသရှိ စာသင်ကျောင်းများနှင့်မိတ်ဖက်အဖြစ်ဆောင်ရွက်ကာ ပုံမှန်ကျောင်းများသို့လှည့်လည်ပညာပေးအစီအစဉ်များဆောင်ရွက်လျက်ရှိပြီး အင်းတော်ကြီးရွှေမဉ္ဇူဘုရားပွဲတော်ကာလတွင် ဘုရားဖူးခရီးသွားပြည်သူများအား စာသင်ကျောင်းများနှင့်ပူးပေါင်းကာပညာပေးလျက်ရှိသည်။