Livelihood Development

Livelihood Development

↹ EN

လယ်ယာလုပ်ငန်းနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းသည် အင်းတော်ကြီးဒေသ၏ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်ပြီး မြေယာမဲ့မိသားစုများကမူ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ မိုးနှောင်းကာလ အောက်တိုဘာလပိုင်းသည် စပါးရိတ်သိမ်းကာလဖြစ်သည့်အတွက် ရာသီအလိုက်အလုပ်သမားများလိုအပ်ချက်ရှိပြီး အိမ်ထောင်စုများစွာ၏စားဝတ်နေရေးအတွက် အရေးကြီးသောလုပ်ငန်းကာလဖြစ်သည်။ ထိုရိုးရာအသက်မွေးလုပ်ငန်းများအပြင် လယ်သိမ်းပြီးကာလတွင် သစ်ထုတ်လုပ်ငန်း၊ ရွှေနှင့် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများတွင် မိသားစုဝင်ငွေအတွက်သွားရောက်လုပ်ကိုင်ကြသည်။ ဒေသခံတို့၏အသက်မွေးလုပ်ငန်းများသည် သဘာဝပဝတ်ဝန်းကျင်ကို မှီခိုရုံသာမက ထိခိုက်ပျက်စီးအောင်ခြိမ်းခြောက်လျက်လည်းရှိသည်။ ရာသီအလိုက်ရေလွှမ်းမြက်ခင်းပြင်များအား စပါးခင်းများအဖြစ်ပြောင်းလဲခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် လယ်ယာသုံးဓါတုပစ္စည်းများအသုံးပြုခြင်းနှင့် ငါးအလွန်အကျွံဖမ်းဆီးခြင်းတို့သည် အင်းတော်ကြီးကန်ဂေဟစနစ်မျှခြေကိုများစွာထိခိုက်ပျက်စီးစေပါသည်။ စီးပွားဖြစ်နှင့် အိမ်သုံး တရားမဝင်သစ်ခုတ်၊ ထင်းခုတ်ခြင်းကြောင့်လည်း ရေဝေရေလဲသစ်တောများကို ပြင်းထန်စွာထိခိုက်ပျက်စီးစေပါသည်။ စဉ်ဆက်မပြတ်ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့်လည်း အင်းတော်ကြီးကန်အနောက်တောင်ဘက်ရှိ ရောနှောအမြဲစိမ်းတောများပြုန်းတီးလာပြီး အနည်းဆုံး အင်းထဲသို့ဝင်ရောက်သော အဝင်ချောင်းနှစ် ချောင်းကိုလည်းဆိုးရွားစွာပျက်စီးစေပြီဖြစ်သည်။ ဒေသခံများ၏ရေရှည်အသက်မွေးဝမ်းကျောင်းလုပ်ငန်း တည်မြဲစေရန် ရေရှည်တည်တံ့သောငါးလုပ်ငန်း၊ ရေရှည်တည်တံ့သောလယ်ယာလုပ်ငန်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးလုပ်ငန်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းလုပ်ငန်းများကို အတူတကွပူးပေါင်းဖန်တီးဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးသောအိမ်ထောင်စုများအတွက် အခြားရွေးချယ်စရာအသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖန်တီးပေးခြင်းဖြင့် အင်းတော်ကြီးဂေဟစနစ်ကို ဆိုးရွားစွာထိခိုက်စေသည့် ရေရှည်မတည်တံ့သောလုပ်ငန်းများကိုလျှော့ချစေနိုင်မည်ဖြစ်သည်။ အထူးသဖြင့် ထိခိုက်လွယ်သောအုပ်စုများဖြစ်သည့် အမျိုးသမီးတစ်ဦးတည်းအိမ်ထောင်စုများ၊ မြေယာမဲ့တံငါသည်များ နှင့် မြေယာမဲ့တောင်သူများအား အစားထိုးအသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်သည့် စာချုပ် နှင့်မြေငှားလယ်ယာလုပ်ကိုင်ခြင်း၊ တိရစ္ဆာန်မွေးမြူခြင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းလုပ်ကိုင်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်း၊ သစ်မဟုတ်သောအခြားသစ်တောထွက်ပစ္စည်းများ၊ အိမ်တွင်း ဥယျာဉ်များနှင့် သီးနှံသစ်တောရောနှောစိုက်ခင်းထွက်ပစ္စည်းများအားတန်ဖိုးမြှင့်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဖန်တီးထောက်ပံ့ပေးလျက်ရှိသည်။