Sustainable Farming

Sustainable Farming

↹ EN

အင်းတော်ကြီးဒေသသည် ရှေးယခင် ၁၄ ရာစုမှပင် ဆန်စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလာကြပြီး ယခုချိန်ထိ ဒေသခံတို့၏အဓိကအသက်မွေးဝမ်းလုပ်ငန်းပင်ဖြစ်သည်။ မကြာသေးမီက မြန်မာနိုင်ငံ၏ နိုင်ငံရေး‌ပြောင်းလဲမှုကြောင့် ဒေသခံတောင်သူများသည် ဓါတုစိုက်ပျိုးရေးသုံးပစ္စည်းများ အသုံးပြုခွင့်ရလာကြသည်။ အင်းပတ်လည်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် စပါးခင်းများတည်ရှိနေသည်။ ထို့ကြောင့် ဓါတ်မြေဩဇာ နှင့် ပိုးသတ်ဆေးများပါဝင်သော လယ်ခင်းများမှထွက်ရှိသည့်ရေများသည် မြေအောက်ရေ၊ ချောင်းများနှင့် ကန်ရေကိုညစ်ညမ်းစေပြီး ကန်အတွင်းမြေဩဇာအဟာရများကြွယ်ဝစေသည်။ ကန်ရေပြင် မြေဩဇာအဟာရပေါက်ပွားမှုဆိုသည်မှာ အပင်နှင့်ရေညှိများအလွန်အကျွံပေါက်ပွားလာခြင်းကိုခေါ်ဆိုပြီး အင်းတော်ကြီးကန် အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင်တွေ့နိုင်သည်။ ထိုခြိမ်းခြောက်မှုများ လျော့ကျစေရန်နှင့် ဒေသခံတောင်သူများ သဘာဝစိုက်ပျိုးနည်းစနစ်ကိုကျင့်သုံးလာစေရန် Fauna & Flora International သည် အင်းတော်ကြီးသဘာဝလယ်ယာသီးနှံစိုက်ပျိုးရေးအသင်း (INFA) အား ကူညီပံ့ပိုးပေး လျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ၄င်းတို့၏ ပထမဆုံးအသိအမှတ်ပြုလက်မှတ်ရ သဘာဝဆန်များစိုက်ပျိုး ထုတ်လုပ်နိုင်မှုကြောင့် အခြားဒေသခံတောင်သူများကိုလည်း သဘာဝလယ်ယာစိုက်ပျိုးရေးသို့ကူးပြောင်း လာစေရန် ဆွဲဆောင်နိုင်ခဲ့သည်။ FFI သည်  မျိုးစပါးရွေးချယ်ခြင်းနှင့် စပါးရိတ်သိမ်းခြင်းနည်းလမ်းများ၊ စပါးအခြောက်လှန်းခြင်း၊ ကြိတ်ခွဲခြင်း နှင့် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများအား စနစ်တကျအဆင့်မြှင့်တင် ပေးခြင်းဖြင့် သဘာဝဆန်များ၏ အရည်အသွေးတိုးတက်ကောင်းမွန်လာပြီး ဒေသခံတောင်သူများဝင်ငွေ တိုးပွားလာစေရန်ရည်ရွယ်ကာ INFA တောင်သူများအား ကူညီထောက်ပံ့ပေးလျက်ရှိသည်။

ဒေသတွင်းလူဦးရေတိုးပွားလာခြင်းနှင့် အခြားအရပ်မှရွှေ့ပြောင်းလာခြင်းများကြောင့် ဂေဟစနစ်အရအရေးကြီးသော ရာသီအလိုက်ရေလွှမ်းမြက်ခင်းပြင်များကို စိုက်ပျိုးမြေများအဖြစ်ပြောင်းလဲလာကြသည်။ ထိုသို့ ပြောင်းလဲမှုများကို တားဆီးနိုင်ရန် FFI ၏ ပံ့ပိုးမှုဖြင့် ဘေးမဲ့တောစီမံအုပ်ချုပ်မှုလုပ်ငန်းများဖြစ်သည့် ပူးပေါင်းကင်းလှည့်ခြင်းနှင့် ဥပဒေစိုးမိုးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးအခြေအနေကြောင့် ရွှေ့ပြောင်းလာရသည့် ကချင်တိုင်းရင်းသားတို့သည် ရိုးရာရွှေ့ပြောင်းတောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ထိုစနစ်သည် ယခင်ကလူဦးရေအနည်းငယ်သာရှိသောကြောင့် ရေရှည်တည်တံ့သောစနစ်ဖြစ်ခဲ့သော်လည်း ယခုအခါ အင်းတော်ကြီးရေဝေရေလဲသစ်တောများ ပြုန်းတီးလာခြင်းနှင့် သစ်တောအပိုင်းကွဲခြင်းများဖြစ်ပေါ်စေပါသည်။ FFI သည် ကချင်တောင်သူများကို ရွှေ့ပြောင်းတောင်ယာအစား သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းနှင့် သစ်သီးပင်၊ လက်ဖက်၊ ကြက်သွန် အစရှိသော ပိုမိုထိရောက်သည့် စိုက်ပျိုးနည်းစနစ်များကျင့်သုံးလာစေရန် ထောက်ပံ့ကူညီပေးလျက်ရှိသည်။ Green Land အဖွဲ့သည် ကချင်တောင်သူများဖြင့်ဖွဲ့စည်းထားပြီး ၄င်းတို့၏ဝင်ငွေတိုးမြင့် လာစေရန် စိုက်ပျိုးရေးထွက်ပစ္စည်းများနှင့် သစ်မဟုတ်သောအခြားသစ်တောထွက်ပစ္စည်းများကို တန်ဖိုးမြှင့် ထုတ်လုပ်လျက်ရှိသည်။