ငါးလုပ်ငန်းသည် အင်းတော်ကြီးဒေသ၏ အသက်မွေးဝမ်းကျောင်းမှုအတွက်မရှိမဖြစ် ကဏ္ဍမှပါဝင်သည်။ ဒေသခံရေလုပ်သားအများစုမှာ မြေယာမဲ့များဖြစ်သောကြောင့် အခြားအသက်မွေးဝမ်းကျောင်းရွေးချယ်စရာ မရှိသည့်အပြင် အင်းနှင့် ငါးလုပ်ငန်းအပေါ်တွင်မှီခိုမှုပိုမိုတိုးမြှင့်လာသည်။ အလွန်အကျွံငါးဖမ်းခြင်းပြဿနာသည် တရားမဝင်ငါးဖမ်းနည်းစနစ်များဖြစ်သည့် လျှပ်စစ်လျှော့တိုက်ခြင်း၊ ပိုက်စိပ်နှင့်မြှုံးစိပ်များသုံး၍ငါးဖမ်းခြင်းတို့ကြောင့် ပိုမိုဆိုးရွားလာသည်။ ချောင်းများတွင်ယင်းပိတ်ခြင်းနှင့် ငါးဖမ်းရာသီတွင် အခြားဒေသများမှ ရွှေ့ပြောင်းရေလုပ်သားများကြောင့် အင်းတော်ကြီးကန်၏ငါးသယံဇာတအပေါ်ဖိအားများတိုးမြှင့်လျက်ရှိသည်။ ထို့ပြင် အရှေ့ဥရောပမှတင်သွင်းလာသည့် ငါးကြင်းမျိုးစိတ်များကြောင့်လည်း ဒေသငါးမျိုးစိတ်များ ထိခိုက်ပျက်စီးလာသည့် အန္တရာယ်ကြုံတွေ့နေရသည်။
ဆက်စပ်သူအားလုံးပါဝင်သော ဒေသခံပြည်သူအခြေပြုရေရှည်တည်တံ့သောငါးလုပ်ငန်းစီမံခန့်ခွဲမှုစနစ်သည် ငါးသယံဇာတပြန်လည်ဖြည့်တင်းလာစေရန်နှင့် ဒေသခံအသက်မွေးလုပ်ငန်းအတွက် ရေရှည်ငါးထွက်ကုန်ရရှိ စေရန် သေချာစေမည့်နည်းလမ်းဖြစ်သည်။ Fauna & Flora International နှင့် Friends of Wildlife သည် ငါးထိန်းသိမ်းရေးဇုံကိုးခုဖြစ်မြောက်စေရေးအတွက် ဒေသခံငါးလုပ်သားအဖွဲ့များ၊ ငါးဦးစီးဌာန၊ အင်းတော်ကြီးဘေးမဲ့တောတို့နှင့်ပူးပေါင်းကာ ပံ့ပိုးဆောင်ရွက်လျက်ရှိသည်။ ငါးထိန်းသိမ်းဇုံရွေးချယ်ခြင်းနှင့် နယ်နိမိတ်သတ်မှတ်ခြင်းကို ဒေသခံများ၏ငါးမျိုးပွားခြင်းသံသရာစက်ဝန်းဗဟုသုတနှင့် သိပ္ပံနည်းကျအချက်အလက်များကိုအခြေခံကာ အရေးကြီးသည့်ငါးသားပေါက်နေရာများကိုအဓိကထားရွေးချယ်သည်။ မြန်မာ့ငါးလုပ်ငန်းဥပဒေအရ ငါးဖမ်းရာသီ၊ ငါးမဖမ်းရရာသီ၊ အနည်းဆုံးသတ်မှတ်ငါးဖမ်းပိုက်ကွက်နှင့် တရားမဝင်ငါးဖမ်း ကိရိယာနှင့် ငါးဖမ်းနည်းများအတွက် ဥပဒေသတ်မှတ်ထားရှိပြီးသားဖြစ်သည်။ တရားမဝင်နည်းဖြင့်ငါးဖမ်းခြင်းများ တားမြစ်ရန်နှင့် ငါးထိန်းသိမ်းရေးဇုံများကို ကာကွယ်ပေးမည့် ထိုငါးလုပ်ငန်းနည်းဥပဒေများ အသက်ဝင်စိုးမိုးမှုရှိစေရန် ကန်ရေပြင်ပူးပေါင်းကင်းလှည့်ခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိသည်။ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် ငါးမျိုးစိတ်မျိုးကွဲများ ရေရှည်ဖူလုံစေရေးအတွက် ရေရှည်တည်တံ့ပြီး ပူးပေါင်းပါဝင်မှုရှိသော ငါးလုပ်ငန်းစီမံအုပ်ချုပ်ရန်မှာ အဓိကရည်ရွယ်ချက်ဖြစ်သည်။