Wetland Education Centre

Wetland Education Centre

↹ EN

လုံးတုံကျေးရွာအနောက်ဘက် အင်းတော်ကြီးကန်နံဘေးတွင်တည်ရှိသော အင်းတော်ကြီးရေဝပ်ဒေသပညာပေးပြခန်းသည် အင်းတော်ကြီးကန်၏ဆွဲဆောင်မှုရှိသောနေရာများထဲတွင်တစ်ခုဖြစ်လာသည်။ ပြခန်းသည် အင်းတော်ကြီး၏သဘာဝနှင့်တောရိုင်းတိရစ္ဆာန်များအကြောင်းအပါအဝင် ဒေသခံတို့၏ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းတို့ကို သတင်းအချက်အလက်စုံစုံလင်လင်ဖြင့် လှပစွာခင်းကျင်းပြသထားသည်။ ပြခန်းဝရံတာမှတဆင့် ကန်ရေပြင်နှင့် ရွှံ့နွံတောများကို တိုက်ရိုက်တွေ့မြင်နိုင်ပြီး ထူးခြားလှပသောရှုခင်းနှင့် အင်းတော်ကြီးရေပျော်ငှက်များကို အလွယ်တကူခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။ သဘာဝအခြေခံစွန့်စားခရီးဝန်ဆောင်မှုများအတွက် ကြိုတင်မှာယူခြင်းများပြုလုပ်နိုင်သည့်အပြင် မိမိကိုယ်ကိုစူးစမ်းလေ့လာရန်အတွက်လည်း သတင်းအချက်အလက်များစုံစမ်းနိုင်ပါသည်။ ဒေသထွက်လက်မှုပစ္စည်းများနှင့် သဘာဝအစားသောက်ထွက်ကုန်များကို ပြခန်းဈေးဆိုင်အတွင်းရောင်းချ‌ပေးလျက်ရှိပြီး သဘာဝကော်ဖီနှင့် ဒေသထွက်အစားအသောက်များဖြင့်ပြခန်းဝရံတာတွင် အပန်းဖြေနိုင်မည်ဖြစ်သည်။

Objectives

 

အင်းတော်ကြီးရေဝပ်ဒေသပညာပေးပြခန်းသည် ဒေသခံပြည်သူများ၊ ကျောင်းများ၊ တက္ကသိုလ်ကျောင်းသား/ သူများနှင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးအစီအစဉ် ပုံမှန်ဆောင်ရွက်ပေးနိုင်ရန်ဖြစ်သည်။ အမျိုးမျိုးသော တက်ကြွလှုပ်ရှားမှုရှိသည့် ပညာပေးအစီအစဉ်များကို ခေါင်းစဉ်အမျိုးမျိုး ပစ်မှတ်အုပ်စုအမျိုးမျိုးအတွက် ဖန်တီးထားပြီးဖြစ်သည်။ ပြခန်းသည် ကျောင်းများ၊ တက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများ၊ ဂျာမနီဇီဝအဝန်းနယ်မြေများရှိပညာပေးပြခန်းများကဲ့သို့ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အရည်အသွေးမြင့်မားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးအစီအစဉ်များပေးစွမ်းနိုင်အောင် ဆောင်ရွက်လျက်ရှိသည်။

ပြခန်းဥပစာကို ရေရှည်တည်တံ့သောနည်းလမ်းဖြင့်အဆောက်အဦးတည်ဆောက်ရေး ပညာပေးသည့်အနေဖြင့် ဥပမာပေးတည်ဆောက်ထားသည်။ ပြခန်းဗိသုကာဒီဇိုင်းကို လျှပ်စစ်အသုံးပြုမှုလျှော့ချနိုင်ရန် သဘာဝ အအေးပေးစနစ်ဖြင့်ရေးဆွဲထားသည်။ ပြခန်း၏မိလ္လာစနစ်ကိုလည်း အရေးကြီးသည့်ရေဝပ်ဒေသများ အတွက်အထူးလုပ်ဆောင်ထားသည့် အင်းတော်ကြီးကန်တဝိုက်သန့်ရှင်းမိလ္လာစနစ်စီမံကိန်း၏ ဥပမာအဖြစ် ဖန်တီးတည်ဆောက်ထားသည်။

Exhibition

ပြခန်းတွင် အင်းတော်ကြီးဒေသထိန်းသိမ်းရေးလုပ်ငန်းများ ကိုလိုနီခေတ်မှစတင်ကာ အစဉ်အဆက် ဆောင်ရွက်လာခဲ့သောဇာတ်ကြောင်းကို အတည်တကျပြခန်းဖွဲ့ကာ ခင်းကျင်းပြသထားသည်။  ပြခန်းသည် ၁၅၀ စတုရန်းမီတာကျယ်ဝန်းပြီး အင်းတော်ကြီး၏အမျိုးစုံသော ဂေဟစနစ်နှင့်ယဉ်ကျေးမှုများကို လာရောက်လည်ပတ်သူများ မျက်စိပသာဒဆွဲဆောင်မှုစေရန် ဓါတ်ပုံများ၊ ရုပ်ရှင်တိုများဖြင့် သရုပ်ဖော်ခင်းကျင်းပြသထားသည်။ အမျိုးစုံလင်သောရှုခင်းများ၏ ထူးခြားလှပမှု၊ ၄င်းတို့၏အရေးကြီးပုံနှင့်ခြိမ်းခြောက်နေသော အကြောင်းရင်းများနှင့် ဖြေရှင်းနိုင်မည့်ရေရှည်တည်တံ့သောဖွံ့ဖြိုးမှုနည်းလမ်းများကိုလည်း အဓိကထားဖော်ပြထားသည်။ အရှေ့ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်နှင့် ကြိုးကြာခေါင်းနီတို့ကဲ့သို့  ခြိမ်းခြောက်အန္တရာယ်ကြုံတွေ့နေရသော မျိုးစိတ်များ၏ဂေဟဗေဒကို အသေးစိတ်သိရှိနိုင်ရန် မှတ်တမ်းပြုစုထားသည်။ အင်းတော်ကြီး ရေပျော်ငှက်များ၏ အတောင်ပုံပန်းသဏ္ဍာန်နှင့် အသံတို့ကိုလည်း သင်၏စွန့်စားခရီးအတွက်ပြင်ဆင်မှုအနေဖြင့် လေ့လာနိုင်မည်ဖြစ်သည်။ ပြခန်းအတွင်းလေ့လာပြီးနောက် သဘာဝအသံတို့ကိုနားဆင်ရင်း သဘာဝ ကော်ဖီနှင့် ဝရံတာတွင်အပန်းဖြေနိုင်မည်ဖြစ်သည်။

Visitor Centre & Cafe

ဒေသခံလူမှုအဖွဲ့အစည်းဖြစ်သော အင်းချစ်သူသဘာဝအခြေခံခရီးသွားလုပ်ငန်းဝန်ဆောင်မှုအဖွဲ့သည် အင်းတော်ကြီးပညာပေးပြခန်းတွင် အခြေစိုက်လုပ်ငန်းလည်ပတ်လျက်ရှိပြီး အခမဲ့မြေပုံနှင့် ၄င်းတို့၏ဒေသ ကျွမ်းကျင်မှုများဖြင့် သင်၏တမူထူးခြားသောအမှတ်ရဖွယ်ရာ အင်းတော်ကြီးခရီးစဉ်ဖြစ်စေရန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ လှေခရီးစဉ်မှစတင်ကာ ကိုယ်တိုင်လမ်းညွှန်ကယက်စီးခြင်းအပြင် ခြေလျင်တောင် တက်ခရီးနှင့် ငှက်ကြည့်လမ်းညွှန်ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း စီစဉ်ပေးနိုင်သည်။ ပြခန်း၏ကိုယ်ပိုင်စက် လှေဆိပ်သည်လည်း သင်၏အင်းတော်ကြီးကန်စူးစမ်းလေ့လာမှုများအတွက် အဆင်ပြေဆုံးစတင်ရာနေရာ ဖြစ်သည်။     `

Meetings & Trainings

အစည်းအဝေးခန်းမသည် လူဦးရေတစ်ရာဆံ့အခမ်းအနားများအတွက် အသင့်တော်ဆုံးသောနေရာဖြစ်ပြီး ပြည်တွင်းပြည်ပ လေ့လာရေးအဖွဲ့များ၊ သုတေသနပညာရှင်များ၊ ကျောင်းသူ/သားအဖွဲ့များနှင့် ဒေသခံပြည် သူအဖွဲ့များအခမ်းအနားကျင်းပရန်အတွက် ရရှိနိုင်မည်ဖြစ်သည်။ အဆင့်မှီသောဖွဲ့စည်းပုံနှင့် အသုံးပြုထားသောပစ္စည်းများကြောင့် ထိန်းသိမ်းရေးနှင့်ရေရှည်တည်တံ့သောဖွံ့ဖြိုးမှုစွမ်းဆောင်ရည်မြှင့်သင်တန်းများ ဆောင်ရွက်ရန်အကောင်းဆုံး‌နေရာတစ်ခုဖြစ်သည်။ အခန်း၏ကျယ်ဝန်းမှုကြောင့် အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ စားပွဲဝိုင်းဆွေးနွေးပွဲများ၊ စာသင်ကြားခြင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများအတွက်  အမျိုးမျိုးသောထိုင်ခုံနေရာချထားပုံစံများခင်းကျင်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်နှင့်ကိုက်ညီသော မည်သူမဆို သင့်တင့်မျှတသောဈေးနှုန်းဖြင့် အစည်းအဝေးခန်းမငှားရမ်းရန် ဆက်သွယ်စုံစမ်းနိုင်ပါသည်။ ရရှိသောအကျိုးအမြတ်အားလုံးကို အင်းတော်ကြီးရေဝပ်ဒေသပညာပေးပြခန်း ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အခမဲ့ပညာပေးအစီအစဉ်များတိုးချဲ့ရန် အသုံးပြုသွားမည်ဖြစ်ပါသည်။